"ကျားဖြန့်အလုပ်က ... ကိုယ်ဖြစ်ကိုယ်ခံပဲပေါ့" - ကမ္ဘောဒီးယားကျားဖြန့်ရုံက လွတ်မြောက်တဲ့မြန်မာလူငယ်

ဓာတ်ပုံ ရင်းမြစ်, ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန
မြန်မာရဲ့အာဆီယံဒေသတွင်းမိတ်ဖက်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံထဲမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့နေရာတွေကို နှိမ်နင်းဖမ်းဆီးမှုတွေကို ကမ္ဘောဒီးယားအာဏာပိုင်တွေက ဖိဖိဆီးဆီးလုပ်နေပါတယ်။
အမေရိကန် Strike Force အနေနဲ့ အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်စင်တာ(ကျားဖြန့်)တွေကို ကိုင်တွယ်နှိမ်နင်းမယ်ဆိုတဲ့နောက်မှာ ဒီလိုဖမ်းဆီးမှုတွေ ပေါ်လာတာလို့ ဒီအခြေအနေသိတဲ့ ကမ္ဘောဒီးယားက သတင်းရင်းမြစ်က ပြောပါတယ်။
ကျားဖြန့်ရုံတွေထဲ ဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် တိမ်းရှောင်ထွက်ပြေးကြသူတွေထဲမှာ မြန်မာနိုင်ငံသား လူငယ်ရာနဲ့ချီ ပါဝင်တယ်လို့ ကမ္ဘောဒီးယားရှိ မြန်မာသံရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
ဖမ်းဆီးမှုတွေလုပ်နေတဲ့ ကမ္ဘောဒီးယား ကျားဖြန့်ရုံတွေထဲက မြန်မာတွေ ဘယ်ကိုဆက်ရောက်သွားကြမလဲ။ ကမ္ဘောဒီးယားကျားဖြန့်ရုံတွေကနေ လွတ်မြောက်လာတဲ့မြန်မာနိုင်ငံသား လူငယ် ၃ ဦးနဲ့ ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပါတယ်။
လူပေါင်း ၈၀၀ နီးပါး မြန်မာဘက် ပြန်ခေါ်ဆောင်ထား

ဓာတ်ပုံ ရင်းမြစ်, MOI
ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ အနည်းဆုံးနေရာ ၃ ခုက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမှုကြောင့် အဲဒီထဲမှာရှိနေတဲ့ မြန်မာအပါအဝင် တရုတ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားစတဲ့ နိုင်ငံပေါင်းစုံက ကျားဖြန့်လုပ်သားတွေဟာ ကမ္ဘောဒီးယားနိုင်ငံထဲမှာ ပြန့်ကျဲနေပါတယ်။
စစ်ကော်မရှင်ကတော့ ကမ္ဘောဒီးယားက ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အသုတ်လိုက်ခွဲပြီး လွှဲပြောင်းခေါ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကမ္ဘောဒီးယားကနေ ပြည်တွင်းထဲကို လွှဲပြောင်းခေါ်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၇၂၉ ဦးရှိတယ်လို့ စစ်ကော်မရှင်က ဇန်နဝါရီနောက်ဆုံးအပတ်ထဲမှာ ကြေညာပါတယ်။
အဲဒီသူတွေကို ပထမ၊ ဒုတိယနဲ့ တတိယ အသုတ် ၃ သုတ်စီ ခွဲပြီး မြန်မာလေကြောင်းအပြင် မြန်မာစစ်တပ်ပိုင် လေကြောင်းလိုင်းတွေကနေ လွှဲပြောင်းခေါ်ယူခဲ့တာလို့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီထဲက ၅၄၃ ဦးကို စစ်တပ်လေယာဉ်နဲ့ မြိတ်မြို့ကို ခေါ်ဆောင်ခဲ့ပြီး မြိတ်ကနေတဆင့် ရန်ကုန်မြို့ကို စစ်ရေယာဉ်တွေနဲ့ ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
လွှဲပြောင်းခံရသူတွေဟာ ကမ္ဘောဒီးယားက မြန်မာသံရုံးကို ဆက်သွယ်အကူအညီတောင်းရာကနေ သံရုံးကတဆင့် ပြန်လည်ပို့ဆောင်ပေးခဲ့သူတွေဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘောဒီးယားရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေကနေ လွှဲပြောင်းပေးလိုက်တဲ့သူတွေလည်းပါတယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
အလားတူ ကမ္ဘောဒီးယားက မြန်မာသံရုံးထဲမှာ မြန်မာဘက်ကို ပြန်မလွှဲရသေးတဲ့ မြန်မာနိုင်ငံသား ၂၅၀ ဝန်းကျင်လောက် ဆက်ပြီး ရှိနေသေးတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ဇန်နဝါရီ ၂၉ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယားကျားဖြန့်ရုံတွေကို နှိမ်နင်းဖမ်းဆီးမှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူ အများစုဟာ မြန်မာသံရုံးကို ဆက်သွယ်တာမျိုးမလုပ်ကြဘူးလို့ ကျားဖြန့်ရုံထဲကနေ ထွက်ပြေးခဲ့တဲ့ ကိုမစ်တီး (အမည်လွှဲ)က ဘီဘီစီကို ပြောပါတယ်။
"ပြည်တွင်းထဲမှာ မနေချင်လို့ စွန့်စားပြီး ထွက်လာခဲ့တာ၊ သံရုံးကိုဆက်သွယ်ရင် မြန်မာဘက်ပြန်ပို့ခံရမှာပေါ့" လို့ သူက ဆိုပါတယ်။
ကိုမစ်တီးဟာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး မြန်မာမှာရှိစဉ်တုန်းက ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ နေထိုင်ခဲ့တဲ့သူဖြစ်ပါတယ်။
"မစ်တီးဆိုတဲ့ နာမည်ကလည်း ကျားဖြန့်အလုပ်အတွက် ပေးထားတဲ့ နာမည်ဝှက်ပါ" လို့ ကိုမစ်တီးက ပြောပါတယ်။ ကိုမစ်တီးဟာ မြန်မာမှာ စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စစ်မှုထမ်းသက်နဲ့ အကျုံးဝင်နေတာကြောင့် ပြည်ပကို ထွက်ခွာခဲ့တာလို့ ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိခဲ့ပြီး အဲဒီကနေမှ အွန်လိုင်းပေါ်က အချိတ်အဆက်တွေကတဆင့် ဖိလစ်ပိုင်နိုင်ငံထဲက ကျားဖြန့်လုပ်ငန်းခွင်တစ်ခုကို သွားရောက်လုပ်ကိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
"ဖိလစ်ပိုင်မှာ ၆ လကျော်လောက် လုပ်ခဲ့တယ်"လို့ သူက ပြောပါတယ်။
၂၀၂၅ နှစ်စပိုင်းမှာ ဖိလစ်ပိုင်ကနေ ကမ္ဘောဒီးယားက ကျားဖြန့်ရုံတစ်ခုကို သူ ကူးပြောင်းခဲ့ပါတယ်။
၂၀၂၆ ကမ္ဘောဒီးယား၊ ဇန်နဝါရီလက ကျားဖြန့်ရုံတွေကို ဖြိုခွင်းမှုတွေ မတိုင်ခင်အထိ အဲဒီနေရာမှာပဲ ကိုမစ်တီးက ကျားဖြန့်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။
ကိုမစ်တီး အလုပ်လုပ်တဲ့နေရာက ကျားဖြန့်ရုံတွေအပြင် တရားမဝင်လောင်းကစားလုပ်ငန်းတွေနဲ့နာမည်ကြီးတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဘားဗက်မြို့မှာရှိတဲ့ ကျားဖြန့်ရုံမှာဖြစ်ပါတယ်။
ကိုမစ်တီးနဲ့ သူငယ်ချင်းလည်းဖြစ်၊ အလုပ်လည်းတူတဲ့ နောက်ထပ်သူငယ်ချင်း နှစ်ဦးလည်း ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်ခဲ့ကြပါတယ်။
လွတ်မြောက်လာသူတွေ ပြောပြတဲ့ ကျားဖြန့်ရုံတွေ ဖမ်းဆီးမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘောဒီးယားအာဏာပိုင်တွေ ဝင်ရောက်ဖမ်းစီးမှုတွေလုပ်ခဲ့တဲ့နေရာ ၃ နေရာ ထက်မနည်းထဲမှာ ကိုမစ်တီး ကျားဖြန့်လုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ ဘားဗက်ခြံဝင်းလည်း ပါဝင်ပါတယ်။
ဘားဗက်၊ စီဟာနို၊ ကိုကုန်း စတဲ့ မြို့တွေက ကျားဖြန့်အဆောက်အဦတွေကို အာဏာပိုင်တွေကနှိမ်နင်းရှင်းလင်းနေတယ်လို့ ကမ္ဘောဒီးယားသတင်းတွေက ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၂ ရက်မှာ ကိုမစ်တီးတို့ အလုပ်လုပ်နေတဲ့ ဘားဗက်ခြံဝင်းထဲကို "မီနီဘတ်စ်လို စစ်ကား ၂ စီး ဝင်လာတယ်။ အဲဒီကားတွေထဲမှာ ကမ္ဘောဒီးယား ရဲရော စစ်သားတွေရောပါတယ်"လို့ မြင်တွေ့ခဲ့ရပုံကို ကိုမစ်တီးက ပြောပြပါတယ်။
အဲဒီစစ်သားနဲ့ ရဲတွေဟာ ကျားဖြန့်အဆောက်အဦတွေ တစ်ခုပြီးကို တစ်ခု ဝင်စစ်ခဲ့ပြီး ဝန်ထမ်းတွေကို သူတို့ကိုင်ဆောင်လာတဲ့ လူနာမည်စာရင်းတစ်ခု ထုတ်ပြပြီးတော့ မေးခွန်းတွေ မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနာမည်စာရင်းမှာ "ကျားဖြန့်ခေါင်းဆောင် လူ ၁၀ ယောက်ကျော်လောက်ပါတယ်။ နိုင်ငံသား အစုံပဲ၊ ကျားဖြန့်ခေါင်းဆောင်တွေရဲ့ နာမည်နဲ့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်နံပါတ်တွေလည်း ရေးထားတယ်" လို့ ကိုမစ်တီးက ရှင်းပြပါတယ်။
"ဒီခေါင်းဆောင်တွေ ဒီကုမ္ပဏီမှာရှိလား။ သူတို့ကိုသိလား၊ မြင်ဖူးလား"ဆိုတဲ့ မေးခွန်းတွေကို ကျားဖြန့်ရုံထဲမှာရှိတဲ့ဝန်ထမ်းတွေကို မေးမြန်းခဲ့တယ်လို့ ကိုမစ်တီးက ဆိုပါတယ်။
ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ ကျားဖြန့်ခေါင်းဆောင်တွေနဲ့ပတ်သက်လို့ အဖြေမရတဲ့နောက် ဘားဗက် ကျားဖြန့်ဝင်းထဲကနေ ထွက်ခွာသွားကြပါတယ်။ နောက်တစ်နေ့မှာ ဘားဗက်ခြံဝင်းထဲက ကျားဖြန့်လုပ်ငန်းတွေကို ရွှေ့ဖို့ အချိန်တစ်ပတ်ပေးထားတယ်ဆိုတဲ့ သတိပေးကြေညာစာတစ်ခုလည်း ကျားဖြန့်လုပ်သားတွေကြား ပျံ့နှံ့ခဲ့ပါတယ်။
ကိုမစ်တီးကတော့ အာဏာပိုင်တွေအနေနဲ့ ဘားဗက်ခြံဝင်းထဲက ကျားဖြန့်လုပ်ငန်းတွေအလိုက် ရာထူးအကြီးပိုင်းဖြစ်တဲ့ တရုတ်နိုင်ငံသားတွေကို သတင်းပါးခဲ့တာဖြစ်ပြီး တရုတ်ခေါင်းဆောင်တွေဆီကနေ ဝန်ထမ်းတွေဆီကို ထပ်ဖြန့်လိုက်တာလို့ သူသိရှိခဲ့တဲ့အခြေအနေကိုပြောပါတယ်။
"ဒီနေရာမှာ ကျားဖြန့်လုပ်ငန်းတွေရှိတယ်လို့ သတင်းအတိအကျရထားတယ်။ ဘယ်နေ့ ဝင်ဖမ်းမယ်။ ဘယ်ရက်နောက်ဆုံးထားပြီး ရွှေ့ကြဆိုတာမျိုးပေါ့" လို့ ကိုမစ်တီးက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာနေထိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းအခြေအနေကို သိရှိထားသူဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ ''ကျားဖြန့်လုပ်ငန်းဆိုတာ ခြံဝင်းကြီးထဲမှာ နည်းပညာအထောက်အကူပစ္စည်းတွေ၊ ရုံးခန်းတွေနဲ့ စနစ်တကျလုပ်နေတာကြောင့် ကမ္ဘောဒီးယားအာဏာပိုင်တွေအနေနဲ့ဒီငွေလိမ်လုပ်ငန်းတွေ အကြီးအကျယ်လုပ်ကိုင်နေတာကို မသိရှိထားတာ မဖြစ်နိုင်ဘူး'' လို့ ထောက်ပြပါတယ်။
"ကမ္ဘောဒီးယားရဲတွေက နယ်မြေထဲမှာ ဖြစ်နေတာတွေ အကုန်သိတယ်" လို့ သူက ဆိုပါတယ်။
ဒီလိုဖမ်းဆီးမှုတွေဖြစ်လာတာဟာ အမေရိကန်ရဲ့ Strike Force က ကမ္ဘောဒီးယားနိုင်ငံထဲအထိ စိမ့်ဝင်လာပြီဆိုတဲ့ သတင်းတွေကြောင့် ကမ္ဘောဒီးယားအာဏာပိုင်တွေဘက်က အရေးယူတာတွေလုပ်လာတာလို့ သူက ကောက်ချက်ချပါတယ်။
၂၀၂၆ ဇန်နဝါရီ ၁၉ ရက်မှာ အာဏာပိုင်တွေက ဘားဗက်ခြံဝင်းထဲကို ဝင်ရောက်ပြီး ဖမ်းဆီးတာတွေ မလုပ်ခင် ဝင်းထဲက အဆောက်အဦတွေကို မီးဖြတ်၊ အင်တာနက်ဖြတ်၊ ရေဖြတ်တာတွေ လုပ်ခဲ့တယ်လို့ ကိုမစ်တီးနဲ့ သူငယ်ချင်း နှစ်ဦး ဆီကနေ သိရပါတယ်။
ဖမ်းဆီးမှုတွေ မလုပ်ခင် မိနစ်ပိုင်းအလိုမှာပဲ ဘားဗက်ခြံဝင်း တံခါးတွေကို တရုတ်နိုင်ငံသား ကျားဖြန့်ခေါင်းဆောင်ပိုင်းတချို့က "ထွက်ကြဆိုပြီး ဖွင့်ပေးလိုက်တာ၊ အဲဒီအချိန် ထွက်ပြေးလာခဲ့ကြတာ" လို့ ကိုမစ်တီးက ပြောပါတယ်။
ထွက်ပြေးလာကြတဲ့သူတွေကတော့ လွတ်မြောက်လာပေမယ့် ဘားဗက်ဝင်းထဲမှာ ဆက်ပြီးကျန်ရှိနေသူတွေကတော့ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ကိုမစ်တီးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အပေါ် ကိုမစ်တီးက '' သူဌေး မကောင်းလို့ဖြစ်တာ။၊ တချို့ တရုတ်သူဌေးတွေက စာချုပ်အရ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)တွေကို ထုတ်မပေးကြဘူး။ ခေါင်းကြီးပိုင်းတွေက သတင်းကြိုရလို့ လစ်သွားကြပေမယ့် ဝန်ထမ်းတွေကို ပစ်စလက်ခတ်ထားခဲ့ကြတာပေါ့"လို့ ပြောပါတယ်။
"ငွေရလွယ်လို့ လုပ်တာ..."

ဓာတ်ပုံ ရင်းမြစ်, ကိုမစ်တီး
အရှေ့တောင်အာရှမှာကြီးထွားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ငန်းတွေကို နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်နေကြသလို တရုတ်ဦးဆောင်တဲ့ ဒေသတွင်းနိုင်ငံတချို့ကလည်း ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ ပူးပေါင်းလုပ်နေကြပါတယ်။
တစ်ဖက် မြန်မာဘက်ခြမ်း ထိုင်း-မြန်မာနယ်စပ်၊ မြဝတီဒေသထဲက ကျားဖြန့်အဆောက်အဦတွေကိုလည်း အာဏာပိုင်တွေက စီးနင်းတာတွေလုပ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ဖြိုချရှင်းလင်းတာတွေလုပ်နေပါတယ်။
ကိုမစ်တီးနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ နှစ်ဦးဟာ ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ��ျားဖြန့်အလုပ်ကို ဆက်လုပ်ဖို့ သူတို့အချိတ်အဆက်တွေကတဆင့် ဆက်ရှာနေတယ်လို့ ဖွင့်ပြောကြပါတယ်။
အလားတူ ကမ္ဘောဒီးယား ကျားဖြန့်ရုံထဲက ကျားဖြန့်လုပ်ငန်းအကြီးစားအများစုကတော့ ဖမ်းဆီးမှုမတိုင်ခင်ကတည်းက သီရိလင်္ကာနိုင်ငံဘက်ကို ပြောင်းရွှေ့သွားကြပြီး အဲဒီနိုင်ငံမှာ ပြန်အခြေချဖို့ လုပ်နေတယ်လို့ ကိုမစ်တီးက ပြောပါတယ်။
"တရုတ်ဘာသာနဲ့ ဖွင့်ထားတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ သီရိလင်္ကာရောက်သွားတဲ့ ကျားဖြန့်ဆိုက်တွေက အလုပ်ခေါ်စာတွေ ဆက်တိုက်ကြေညာနေတယ်" လို့ သူက ဆိုပါတယ်။
ကိုမစ်တီးရဲ့ မိန်းကလေးသူငယ်ချင်းဖြစ်သူ မအိဝေ(အမည်လွှဲ)ကတော့ ကျားဖြန့်လုပ်ရတဲ့အပေါ် "မကောင်းတဲ့အလုပ်ဖြစ်နေလို့ ရုန်းထွက်ဖို့ ကြိုးစားနေတယ်" လို့ ပြောပါတယ်။
ဒါပေမဲ့ မအိဝေအနေနဲ့ ရုံထဲကနေ ထွက်ပြေးလာပြီး အလုပ်လက်မဲ့ဖြစ်နေတော့ ဗီဇာကြေး၊ နေထိုင်စားသောက်စရိတ်တွေဖြေရှင်းဖို့ "ဒီအလုပ်ကို ဆက်လုပ်ဖို့လိုတဲ့အကြောင်း ဖွင့်ဟပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် မအိဝေဟာ မြန်မာမှာ အင်ဂျင်နီယာဘွဲ့ရထားသူဖြစ်ပြီး ကိုရီးယားဘာသာစကားကိုလည်း တတ်မြောက်ထားသူတစ်ဦးဖြစ်ပါတယ်။
လူတွေရဲ့ချွေးနှဲစာကို လိမ်လည်တဲ့အလုပ်ကို ဘာကြောင့်ဆက်လုပ်ဖို့ကြိုးစားနေတာလဲဆိုတာနဲ့ လိမ်လည်မှုကြောင့် ဒုက္ခရောက်သွားသူတွေကို မစာနာထောက်ထားမှု မရှိဘူးလားလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။
"ကိုယ့်နိုင်ငံထဲမှာ လုပ်သလောက်မှ မရတာ၊ အိမ်စရိတ်အတွက် မလောက်ငှလို့ ငွေများများရတဲ့လမ်းကို ရွေးရတာ" လို့ မအိဝေက သူ့ဘက်က အခြေအနေကို ပြောပါတယ်။
ကိုမစ်တီးကတော့ ကျားဖြန့်လို ဒုစရိုက်အလုပ်ဟာ စပြီးလုပ်တဲ့အချိန်အပိုင်းအခြားတစ်ခုလောက်မှာပဲ ကြောက်စိတ်နဲ့ လိပ်ပြာမလုံတဲ့စိတ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
"ဒီအလုပ်မှာ အတွေ့အကြုံတွေရှိလာရင် "အရာရာဟာ ကျင့်သားရသွားပြီး ဘာဖြစ်ရင် ဘာလုပ်ရမလဲဆိုပြီး ထွက်ပေါက်တွေ သိလာလိမ့်မယ်" လို့ သူက ထပ်ပြောပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံထဲမှာ ကျားဖြန့်လုပ်ငန်းတွေ အမြစ်တွယ်ကြီးပွားလာတာမျိုးမဖြစ်အောင် မြန်မာပြည်ထဲ ပြန်ခေါ်ဆောင်လာတဲ့ သူတွေကို အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးတာတွေ အသေးစိတ်လုပ်ဖို့လိုတယ်လို့ အကျိုးစီးပွားပဋိပက္ခဆိုင်ရာလေ့လာသူတချို့က ထောက်ပြကြပါတယ်။
မြန်မာအပါအဝင် ဘယ်နိုင်ငံသားမဆို နည်းပညာမြင့်မြင့်နဲ့ စနစ်တကျ လိမ်လည်လာခဲ့တဲ့သူတွေဖြစ်တာကြောင့် "အဆင့်မြင့်နည်းပညာ သုံးပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စုံစမ်းစစ်ဆေးဖို့လိုပါမယ်" လို့ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ပုဂ္ဂလိက သင်တန်းကျောင်း ဒါရိုက်တာ စောကပီကလည်း အစောပိုင်းကတည်းက ပြောထားပါတယ်။
၂၀၂၅ ခုနှစ် မြန်မာဘက်ခြမ်း မြဝတီမြို့နယ်ထဲက ကျားဖြန့်အဆောက်အဦထဲတွေကို စစ်တပ်က စီးနင်းရှင်းလင်းရေးတွေလုပ်ချိန်မှာ တွေ့ရှိတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသားတွေကိုတော့ စိစစ်တာမျိုးနဲ့ အရေးယူတာမျိုး မတွေ့ရပါဘူး။
ဒါပေမဲ့ လက်ရှိကမ္ဘောဒီးယားကျားဖြန့်ရုံတွေကနေ ပြန်ခေါ်ဆောင်လာတဲ့ မြန်မာ ၈၀၀ နီးပါးကိုတော့ လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဇန်နဝါရီနောက်ဆုံးအပတ်မှာ စစ်ကော်မရှင် ကြေညာထားပါတယ်။
ကိုမစ်တီးကတော့ "ကျားဖြန့်အလုပ်က ငွေရလွယ်လို့ လုပ်တာ၊ ကိုယ်ဖြစ်ကိုယ်ခံပဲပေါ့။ ငွေမြိုးမြိုးမြက်မြက်ရနေသရွေ့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဆက်လုပ်နေဦးမှာ"လို့ ပြောပါတယ်။












