ဖေဖော်ဝါရီ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ပယ်ရင်ချိန်အပါအဝင် ၄ ဦးကို မကွပ်မျက်ခင်မှာ မိသားစုဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့် ပေးခဲ့တယ်လို့ တရုတ်က ထုတ်ပြန်တဲ့သတင်းအပါအဝင် ဖေဖော်ဝါရီ ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မန္တလေးမှာ ဆိုင်သိမ်းပြီးပြန်မယ့် အမျိုးသမီးရဲ့ ဆိုင်ကယ်ကို အမျိုးသား နှစ်ဦးကလုယက်ဖို့ ကြိုးစား
ဖေဖော်ဝါရီ ၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန
မြန်မာရဲ့အာဆီယံဒေသတွင်းမိတ်ဖက်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံထဲမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့နေရာတွေကို နှိမ်နင်းဖမ်းဆီးမှုတွေကို ကမ္ဘောဒီးယားအာဏာပိုင်တွေက ဖိဖိဆီးဆီးလုပ်နေပါတယ်။
အမေရိကန် Strike Force အနေနဲ့ အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်စင်တာ(ကျားဖြန့်)တွေကို ကိုင်တွယ်နှိမ်နင်းမယ်ဆိုတဲ့နောက်မှာ ဒီလိုဖမ်းဆီးမှုတွေ ပေါ်လာတာလို့ ဒီအခြေအနေသိတဲ့ ကမ္ဘောဒီးယားက သတင်းရင်းမြစ်က ပြောပါတယ်။
ကျားဖြန့်ရုံတွေထဲ ဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် တိမ်းရှောင်ထွက်ပြေးကြသူတွေထဲမှာ မြန်မာနိုင်ငံသား လူငယ်ရာနဲ့ချီ ပါဝင်တယ်လို့ ကမ္ဘောဒီးယားရှိ မြန်မာသံရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
ဖမ်းဆီးမှုတွေလုပ်နေတဲ့ ကမ္ဘောဒီးယား ကျားဖြန့်ရုံတွေထဲက မြန်မာတွေ ဘယ်ကိုဆက်ရောက်သွားကြမလဲ။ ကမ္ဘောဒီးယားကျားဖြန့်ရုံတွေကနေ လွတ်မြောက်လာတဲ့မြန်မာနိုင်ငံသား လူငယ် ၃ ဦးနဲ့ ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Telegram
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အနောက်ရပ်ကွက်၊ ၈၄ လမ်း ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာ ဆိုင်သိမ်းပြီးပြန်ဖို့ပြင်ဆင်နေတဲ့အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက လုယက်ရင်း သေနတ်နဲ့ ပစ်ခတ်တဲ့ဖြစ်စဉ် မနေ့ညပိုင်းမှာဖြစ်ခဲ့ပါတယ်။
မနေ့ညနေ ၈ နာရီကျော်တုန်းက ဆိုင်သိမ်းပြီးပြန်မယ့် အမျိုးသမီးရဲ့ ဆိုင်ကယ်ကို အမျိုးသား နှစ်ဦးကလုယက်ဖို့ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ပိုင်ရှင်ဖြစ်သူအမျိုးသမီးက ပြန်ခုခံခဲ့တာကြောင့် လုယက်သူတွေထဲက တစ်ဦးဟာ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတချို့ဆီကနေ သိရပါတယ်။
“အဲဒီနေရာက လူပြတ်လေ့ရှိတဲ့နေရာမျိုးမဟုတ်ဘူး။ မဟာအောင်မြေမှာ သေနတ်နဲ့လုတာတွေ အရင်ကမရှိခဲ့ဘူး။ အရင်တခါရွှေဆိုင်ဖြစ်ရပ်ပြီးရင် ဒါက နောက်ထပ်ဖြစ်တာပဲ” လို့ ဖြစ်စဉ်သိရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတုန်းက မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်က ရွှေစင်အကယ်ဒမီရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဆိုင်ပိတ်ပြီးပြန်ချိန် အမျိုးသားသုံးဦးက သေနတ်ပြကာ ရွှေ ၃ ပိဿကျော်ကို လုယက်မှုဖြစ်ခဲ့ပါတယ်။
အခုဖြစ်စဉ်မှာတော့ ရေခဲမုန့်ဆိုင်သိမ်းပြီး ပြန်ဖို့ပြင်ဆင်နေတဲ့ မဟန်ထက်စိုးစံ ဆိုသူရဲ့ ဆိုင်ကယ်ကို လုယက်ရာမှာပါ သေနတ်နဲ့ပစ်ခတ်တဲ့အထိဖြစ်လာတာလို့ စစ်ကော်မရှင်ဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေက ရေးပါတယ်။
ဒီပစ်ခတ်မှုကြောင့် မဟန်ထက်စိုးစံရဲ့ ညာဘက်လက်မနဲ့ ညာဘက်ပေါင်ရင်းကို သေနတ်ကျည် ရှပ်ထိဒဏ်ရာရခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပြီး မနေ့ညတွင်းချင်းမှာပဲ မန္တလေးအထွေထွေ ဆေးရုံကြီး အရေးပေါ်ဌာနကိုပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်ကို မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းက ကိုင်တွယ်ဆောင်ရွက်နေတယ် လို့ သိရတာကြောင့် ဘီဘီစီက မေးမြန်းနိုင်ဖို့အတွက် ရဲစခန်းဖုန်းကိုဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၄ ခုနှစ် စက်တင်ဘာ (၁) ရက်နေ့ကစပြီး အိမ်သုံးလျှပ်စစ် ၁ ယူနစ်သုံးစွဲရင် မြန်မာငွေကျပ် ၅၀ ကိုတိုးမြှင့်ကောက်ခံခဲ့ပါတယ်။
အရင်က အိမ်သုံးလျှပ်စစ်မီတာခက ၁ ယူနစ်ကို ၃၅ ကျပ်ပါ။ ဒါကြောင့် အိမ်သုံးအတွက် တစ်ဆခွဲကျော် ဈေးတက်တဲ့သဘောပါ။
လုပ်ငန်းသုံးလျှပ်စစ်မီတာအတွက်က တစ်ယူနစ်ကို ၁၂၅ ကျပ်ရှိရာကနေ တစ်ယူနစ်ကို ကျပ် ၂၅၀ အထိ တိုးကောက်ခဲ့လို့ နှစ်ဆတိတိ ဈေးတက်မှာဖြစ်ပါတယ်။
၂၀၃၀ မှာ တနိုင်ငံလုံးလျှပ်စစ်မီးရရှိရေးစီမံကိန်း ဘယ်အခြေစိုက်နေပြီလဲ ... ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာဖော်ပြခဲ့တဲ့ ဒီဆောင်းပါးမှာ ပြန်လည်ဖတ်ရှုနိုင်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, MOI
ရန်ကုန်တိုင်းမှာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်ပြီးစီးပြီး လျှပ်စစ်ပိုထုတ်နိုင်ပြီလို့ စစ်ကော်မရှင်ထုတ်သတင်းစာတွေမှာဖော်ပြနေပေမဲ့ လူနေရပ်ကွက်တွေဘက်မှာတော့ အလှည့်ကျမီးပေးစနစ်ပြန်ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဒီနေ့မှ ပြန်ပြတ်တာ။ ကျွန်မတို့ ရပ်ကွက်မှာတော့ မနက် ၉ နာရီက ပြတ်ပြီး နေ့လယ် ၁ နာရီမှာပြန်လာတယ်။ ရထားလမ်းအနောက်ဘက်ဗဟိုလမ်းဘက်က ရပ်ကွက်တွေတော့ ၁ နာရီမှာ မီးပြတ်တယ်တဲ့” လို့ လှိုင်မြို့နယ်ပြည်သူတစ်ဦးက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်ဘက်မှာလည်း ၄ နာရီခြားအလှည့်ကျမီးပေးနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်တုန်းက စစ်ကော်မရှင်ရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်ကာ ရန်ကုန်တိုင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုအတွက်အစည်းအဝေး ပြုလုပ်ခဲ့ပြီး စက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို “စီးပွားရေးနှုန်းထား (Economic Rate)”နဲ့ လျှပ်စစ်ရောင်းမယ့်အကြောင်းပြောခဲ့ပါတယ်။
စစ်ကော်မရှင်ဝန်ကြီးက အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ဖျက်ဆီးမှုတွေနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှုတွေ တဖြည်းဖြည်းလျော့နည်းခဲ့တာကြောင့် တချို့နေရာတွေကို အချိန်ပိုင်း အလှည့်ကျစနစ်နဲ့ လျှပ်စစ် ပေးနေရတာကို ကျော်လွှားဖို့ ရန်ကုန်မှာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံကိုတည်ဆောက်တာလို့ဆိုပါတယ်။
ဒါပေမဲ့ ဇန်နဝါရီ ၁၄ ရက်မှာ စက်ရုံပြီးစီးပြီး တစ်ရက်ကို စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀,၀၀၀ မဂ္ဂါဝပ်နာရီ)အထိထုတ်လွှတ်နိုင်ပြီလို့ ထုတ်ပြောပြီးနောက်မှာတော့ စစ်ကော်မရှင်က စီးပွားဖြစ် လျှပ်စစ်ရောင်းဖို့ ဖြစ်လာတာပါ။
စစ်ကော်မရှင်ကတော့ စီးပွားဖြစ်နှုန်းထားသတ်မှတ်ပြီး စက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေကိုရောင်းချမှာဖြစ်လို့ ယခင်စက်မှုလုပ်ငန်းတွေမှာ သုံးစွဲခဲ့တဲ့ဓာတ်အားတွေကို ပြည်သူတွေ ပိုသုံးနိုင်မယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်တင်တေးဂီတအမျိုးအစား တေးအယ်လ်ဘမ်တစ်ခုလုံးကို စပိန်ဘာသာစကားတစ်မျိုးတည်းနဲ့သီဆိုထားတဲ့ ပေါ်တိုရီကိုနွယ်ဖွား Bad Bunny က ဂရမ်မီဆုပေးပွဲရဲ့ အကောင်းဆုံးတေးအယ်လ်ဘမ်ဆုကို ဆွတ်ခူးသွားပါတယ်။
Bad Bunny ရဲ့ “Debí Tirar Más Fotos” လို့အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်ဟာ ကမ္ဘာ့နာမည်ကျော် ဂရမ်မီဂီတဆုပေးပွဲ ၆၈ နှစ်တာကာလအတွင်း လက်တင်တေးဂီတနဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဆုကိုရရှိတာလည်းဖြစ်ပါတယ်။ ဒီဆုဟာ ဂရမ်မီရဲ့ ထိပ်သီးဆုကြီး လေးခု စာရင်းဝင်ပါ။
နောက်ထပ် ဂရမ်မီထိပ်သီးဆုကြီးတွေဖြစ်တဲ့ အကောင်းဆုံးသီချင်းဆုကို Billie Eilish ရဲ့ Wildflower၊ အကောင်းဆုံးစံချိန်တင်ဆုကို Kendrick Lamar နဲ့ SZA တို့ ပူးတွဲသီဆိုထားတဲ့ Luther နဲ့ တက်သီစ ဂီတအနုပညာရှင်ဆုကိုတော့ Olivia Dean က ရရှိသွားပါတယ်။
အခုနှစ် ဂရမ်မီဆုပေးပွဲရဲ့စကာတင်တေးသီချင်းတွေထဲ အာရှတိုက်က တောင်ကိုရီးယားရဲ့ပေါ့ပ်ဂီတ (K Pop) အမျိုးအစားသီချင်းတွေ ပိုပြီးပါဝင်လာတာကြောင့် K Pop ပရိတ်သတ်တွေက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။
အထူးသဖြင့် ကမ္ဘာကျော် K Pop အမျိုးသမီးအဖွဲ့ Blackpink အဖွဲ့ဝင် Rose ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ထဲပါဝင်တဲ့ အဆိုတော် Bruno Mars နဲ့တွဲဖက်သီဆိုထားတဲ့ APT သီချင်းဟာ အကောင်းဆုံးတေးသီချင်းဆု၊ အကောင်းဆုံးစံချိန်တင်ဆုနဲ့ အကောင်းဆုံးပေါ့ပ်အဖွဲ့လိုက်ဆုတွေကို စကာတင်ဝင်ခဲ့တာကြောင့် စိတ်ဝင်စားမှုမြင့်တက်ခဲ့တာပါ။ ဒါပေမဲ့ ဆုတွေနဲ့ လွဲချော်ခဲ့ပါတယ်။
K Pop ကာတွန်းတေးဂီတရုပ်ရှင်ဖြစ်တဲ့ Demon Hunters ရဲ့ ဇာတ်ဝင်တေး Golden က အကောင်းဆုံးတေးရေးဆရာဆု (Visual Media) ကဏ္ဍအတွက် ရရှိခဲ့ပါတယ်။ ဒါဟာ K Pop တေးဂီတနဲ့ ပထမဆုံးအကြိမ် တေးရေးဆုရရှိတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါနမ် အယ် မာဆာရီယာရဲ့ ယူကျု ချန်နယ်ကို ကြည့်ရှုကြတာ သန်းရာနဲ့ချီမို့ သူက ကျော်ကြားတဲ့ ယူကျုဘာ တယောက်ပါ။
လန်ဒန်မြို့ ဝမ်ဘလေအရပ်မှာရှိတဲ့ သူ့တိုက်ခန်းထဲကနေ သူက ဆော်ဒီအာရေးဗျဘုရင် မိသားစုကို စကားလုံးကြွယ်ကြွယ်နဲ့ ဝေဖန်တာ၊ ဟာသ အရွှန်းဖောက်တာတွေ လုပ်တတ်သလို တစ်ခါတလေမှာ အဲဒီမိသားစုကို စကားလုံးတွေနဲ့ ထိုးနှက်တိုက်ခိုက်ပါတယ်။
သူ့ ပရိသတ်တွေလည်း များလာသလို အင်အားကြီးတဲ့ရန်သူတချို့ကိုလည်း သူ တွေ့လာရပါတယ်။
နာမည်ကြီးလူသိလာတဲ့နောက်ဆက်တွဲကတော့ သူ ဘယ်သွားသွား သူရှိတဲ့နေရာကို သူ နောက်ယောင်ခံလိုက်ခံရ၊ ရိုက်နှက်ခံရတဲ့အထိဖြစ်လာပါတယ်။
ဒီဖြစ်ရပ်တွေအတွက် သူ တရားရုံးမှာ အမှုဖွင့်တိုင်ကြားတဲ့အခါ နှစ်နဲ့ချီ တရားရင်ဆိုင်အပြီးမှာတော့ နောက်ကွယ်မှာ ဆော်ဒီ အစိုးရပါဝင်ပတ်သက်နေတယ်လို့ ရုံးတော်က ဆုံးဖြတ်ခဲ့ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မြို့မရပ်ကွက်မှာရှိတဲ့ အမှတ် ၁ အထက်တန်းကျောင်းက KG ကျောင်းဆောင်ပေါ်ကို ဒီနေ့ မနက် ၉ နာရီကျော်အချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဒီကျောင်းဟာ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၃၃ ဗျူဟာကုန်းအောက်မှာတည်ရှိပြီး ပေါက်ကွဲမှု ပြင်းထန်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ KG ကျောင်းဆောင်ပေါ်ကျတဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာ မပြောနိုင်သေးဘူးလို့ KIA က တုံ့ပြန်ပါတယ်။
“တိုက်ပွဲဖြစ်တဲ့နေရာဆိုတော့ တဖက်က ကျည်ဆန်တွေကတော့ ဖြစ်နိုင်တာပေါ့။ KIA ဘက်ကလည်း ဖြစ်နိုင်တယ်၊ စကစ (စစ်ကော်မရှင်) ဘက်ကလည်းဖြစ်နိုင်တာပေါ့” လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက်ကစလို့ ဒီနေ့မနက်ပိုင်းအထိ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတဝိုက်က ၃ နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကော်မရှင်တပ်ကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။
စစ်ကော်မရှင်တပ်ဘက်က ဆိုင်းတောင်ရွာတဝိုက်ကိုစစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ကော်မရှင်ပြန်ကြားရေးအဖွဲ့ဘက်ကတော့ ဖားကန့်အထက်ကျောင်းပေါ် လက်နက်ကြီး ကျရောက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်အထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ကျားဖြန့်မှုနဲ့ တရုတ်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချိန်အပါ လေးဦးကို သေဒဏ်စီရင်လိုက်ပြီလို့ ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ တရုတ်ဘက်က လာတဲ့သတင်းမှာဖော်ပြပါတယ်။
ဒါဟာ ကိုးကန့်က မြီမိသားစုဝင် ၂ ဦးအပါအဝင်လူ ၁၁ ဦးကို သေဒဏ်စီရင်ခဲ့ပြီးကြောင်း တရုတ်က သတင်းထုတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ပယ်မိသားစုဝင်သတင်းကို ထပ်ထုတ်လာတာဖြစ်ပါတယ်။
ပယ်ရင်ချိန်၊ ယန်လီချန်၊ ဟူရှောင်ကျန်းနဲ့ ချန်ကွမ်ယိ လေးဦးတို့ကို တရားရုံး ဆုံးဖြတ်ချက်နဲ့ သေဒဏ်ပေးခဲ့တာလို့ဆိုပေမဲ့ ဘယ်နေ့မှာ သေဒဏ်စီရင်ခဲ့လဲဆိုတာတော့ တရုတ်ဘက်က အတိအကျ မပြောပါဘူး။
ဒါပေမဲ့ ပယ်ရင်ချိန်အပါအဝင် ၄ ဦးကို မကွပ်မျက်ခင်မှာ မိသားစုဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့် ပေးခဲ့တယ်လို့ တရုတ်က သတင်းထုတ်ပါတယ်။
ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ကတော့ တရုတ်အစိုးရရဲ့ ကွမ်တုံ���ြည်နယ်၊ ရှန်ကျန်းမြို့ တရားရုံးကနေ သေဒဏ်အမိန့်ချမှတ်ခဲ့ခံရပြီး တစ်ပတ်အကြာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေဟာ ဒီဇင်ဘာလထဲမှာ တရားရုံးချုပ်ထံ အယူခံဝင်ခဲ့ပေမဲ့ မူလချမှတ်ထားတဲ့ပြစ်ဒဏ်အတိုင်းသာ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းက ဆိုပါတယ်။
အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ကာစီနိုဖွင့်မှု၊ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပေးဖို့ စီစဉ်မှု၊ ပြည့်တန်ဆာမှုအပါအဝင် အမှုပေါင်းများစွာနဲ့ သူတို့ ၅ ဦးကို မနှစ် ဇူလိုင်လစလို့ တရားစွဲဆိုခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေလုပ်ခဲ့ချိန်မှာလည်း ပယ်အိမ်က ပြည်သူ့စစ်တွေက လုံခြုံရေးယူပေး တာကြောင့် ဒီလုပ်ငန်းတွေအားကောင်းကောင်းနဲ့ လည်ပတ်နိုင်ခဲ့တယ်လို့ တရားရုံးမှာ တင်ပြခဲ့ပြီး စီရင်ချက် ချမှတ်ခဲ့ပါတယ်။
ကိုးကန့်ရဲ့ထင်ရှားတဲ့မိသားစုကြီး လေးခုဖြစ်တဲ့ ပယ်အိမ်၊ ဝေအိမ်၊ မြီအိမ်နဲ့ လျို အိမ်တို့ဟာ ကျားဖြန့်အပါအဝင်အမှုပေါင်းများစွာနဲ့ စွပ်စွဲခံရပြီး တရုတ်က အကျဥ်းထောင်တွေထဲမှာ တရားရင်ဆိုင်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့နိုင်ငံရေးဟာ နှုန်းစံအခြေပြုတာကနေ အကျိုးစီးပွားကနေအင်အားစုဖွဲ့တဲ့အခင်း အကျင်းကို ပြောင်းလာပြီဖြစ်လို့ ၂၀၂၆ ခုနှစ်ဟာ ပြည်တွင်းစုဖွဲ့မှုကို ပိုပြီးဦးစားပေးမယ့်နှစ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။
ယူကရိန်း - ရုရှားစစ်ပွဲ၊ အရှေ့အလယ်ပိုင်းအပြင် အမေရိကန်နိုင်ငံရေးအပြောင်းအလဲကြောင့်ပါ ပိုပြီးရှုပ်ထွေးတဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးအခင်းအကျင်းဖြစ်နေတာကြောင့် အခုခုနှစ်ထဲမှာ နိုင်ငံတကာက မြန်မာ့အရေးကို အလေးပေးအာရုံစိုက်ဟန်သိပ်မတွေ့ရဘူးလို့ အကဲခတ်တွေကလည်း သုံးသပ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချတာအပြင် အာဏာသိမ်းနှစ်ပတ်လည်ရောက်တည်း လူထုနဲ့တသားတည်ရှိကြောင်း ကြေညာချက်ထုတ်လေ့ရှိတဲ့ ရန်ကုန်အခြေစိုက်အမေရိကန်သံရုံးက အာဏာသိမ်း ၅ နှစ်ပြည့်အတွက် တစုံတရာမထုတ်ပြန်တာကလည်း ထူးခြားပါတယ်။
အာဏာသိမ်းမှု ၅ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်အတွက် ထုတ်ပြန်တဲ့ နိုင်ငံတွေကတော့ "အာဆီယံ သဘောတူညီချက် ၅ ချက်ကို ဆက်ထောက်ခံတယ်" ဆိုပြီးပါဝင်လာတာကြောင့် ဒေသတွင်းကနေ ချဉ်းကပ်မယ့်ဟန်ကိုသာ ဆက်တွေ့ရပါတယ်။
ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာမူနဲ့ အာဆီယံအကြောင်း ဒီလင့်ခ်ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကိုင်းတိုင်း၊ ကလေးမြို့က မော်လိုက်အကျဉ်းထောင်မှာ မနေ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ ထောင်တွင်းဆန္ဒပြမှုအပြီး တိုက်ပိတ်ခံရသူ ၁၅ ဦး ရှိတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဆီက သိရှိရပါတယ်။
တိုက်ပိတ်ခံရသူတွေဟာ နိုင်ငံရေးအကျဉ်းသူတွေဖြစ်တယ်လို့ ကနဦးသိရပြီး အသေးစိတ်ထပ်မံ သိရှိနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။
မော်လိုက်အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသူ ၂၀၀ ဝန်းကျင်ဟာ “သွေးသစ္စာ” သီချင်းကို သံပြိုင်သီဆိုပြီး အချက် ၃ ချက်ကို မနေ့ကတောင်းဆိုခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က သတင်းထုတ်ပြန်ထားပါတယ်။
အမှုကြီး ၉ မှုကို ဖျက်သိမ်းရေး၊ အကျဉ်းသား/အကျဉ်းသူတန်းတူ အချိုးရရှိရေးနဲ့ အာဏာရှင်အဖွဲ့အစည်းမှန်သမျှကျရှုံးရေးဆိုတဲ့ အချက်တွေကိုတောင်းဆိုခဲ့ပြီး တောင်းဆိုချက် ၁ နဲ့ ၂ ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာနောက်ဆုံးထားသဘောတူပေးဖို့ ပြောခဲ့ကြောင်း ဖော်ပြပါတယ်။
သတ်မှတ်ရက်အတွင်း တောင်းဆိုချက်တွေကိုမဖြည့်ဆည်းခဲ့ရင် မြန်မာနှစ်ဆန်းနှစ်ရက်နေ့ကို တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်တွင်းသပိတ်နေ့အဖြစ်ကြေငြာကြောင်းပါ GSCB က ထုတ်ပြန်ထားတာပါ။
မော်လိုက်အကျဉ်းထောင်တွင်းသပိတ်ကို ဖောင်းပြင်မြို့က အကျဉ်းသူ မခင်နွဲ့လှိုင်က ဦးဆောင်တယ်လို့ သိရပြီး နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာအကျဉ်းထောင်တွင်း က နိုင်ငံရေးအကျဉ်းသားတွေအတွက် ထိရောက်အောင်ပံ့ပိုးဖို့ပါ GSCB က တိုက်တွန်းခဲ့ပါတယ်။
အကျဉ်းဦးစီးဌာနဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသလို စစ်ကော်မရှင်ဘက်ကလည်း ဒီနေ့ မနက်ပိုင်းအထိ တစုံတရာပြောလာတာမရှိသေးပါဘူး။
မင်္ဂလာပါ။ ဖေဖော်ဝါရီ ၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။